ရှင်သီဟဉာဏ

သာမဏေ ကျောင်းဆောင် (၁)

အိပ်ဆောင် ( D )

သာမဏေကျော် အခြေခံတန်း ( ၃ )

ကိုယ်ရေး အကျဥ်း

ရှင်သီဟဉာဏ၏ အတ္ထုပ္ပတ္တိ

        ကိုရင့်ရဲ့ဇာတိကတော့ ရန်ကုန်မြို့ဖြစ်ပါတယ်။ ကိုရင့်ကို (၉.၉.၂၀၁၁) ခုနှစ်၊ စက်တင်ဘာလတွင် မွေးဖွားခဲ့ပါတယ်။ အဖေနာမည်က ဦးစိုးအောင်ဖြစ်ပြီး၊ အမေနာမည်က ဒေါ်အေးအေးအောင် ဖြစ်ပါတယ်။ မွေးချင်းနှစ်ဦးအနက် အကြီးဆုံးသား ဖြစ်ပါတယ်။ ကိုရင်တို့မိသားစုဟာ ဆင်းရဲပါတယ်။ ကိုရင့်ရဲ့အဖေက မြန်မာလူမျိုးဖြစ်ပြီး အမေကတော့ ဟိန္ဒူဖြစ်ပါတယ်။

       ကိုရင်ဝတ်လာခြင်း အကြောင်းကတော့ သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက် ပရိယတ္တိ ပဋိပတ္တိပို့ချနေသော ဆရာတော်ဦးဇယန္တကို အားကျပြီး ကိုရင်များ၏ ဣန္ဒြေရှိပုံ၊ အမေကလည်း သာသနာက ငြိမ်းချမ်းတဲ့အကြောင်း၊ သံယောဇဉ်ဆိုတာတွေ သာသနာမှာမရှိတဲ့အကြောင်း၊ ပြီးတော့ ကိုရင်ကလည်း သဒ္ဓါတရား ထက်သန်စွာရှိနေတဲ့ အကြောင်းတွေကြောင့် ကိုရင်ဝတ်ခဲ့ရခြင်း ဖြစ်ပါတယ်။

            ကိုရင်မဝတ်ခင်တုန်းက (၁)တန်း (၂)တန်း (၃)တန်းအထိ စာမေးပွဲများ အောင်မြင်ပြီး ၂ နှစ်လောက် ကျောင်းနားရပါတယ်။ အဲဒီအချိန်မှာ ဥက္ကံသာရာမကျောင်းတိုက်မှာ ကိုရင်ဝတ်ခဲ့ပါတယ်။ အဲဒီကနေ လူထွက်ပြီးတော့ ဇေယျသုခကျောင်းမှာ ထပ်ပြီး ကိုရင်ထပ်ဝတ်ခဲ့ပါတယ်။ ပြီးတော့ လူပြန်ထွက်ခဲ့ပါတယ်။ အဲဒီနောက် သာသနာ့ပျိုးဥယျာဉ်မှာ ကိုရင်ဝတ်ဖို့ ခင်တဲ့လူကြီးသူမတွေကို ကိုရင်ဝတ်လို့ရလားလို့ မေးလျောက်ခိုင်းခဲ့ပါတယ်။ တချို့လူကြီးတွေက အသားမဲရင် ဝတ်လို့မရဘူး၊ ကုလား၊ ဟိန္ဒူတွေ ဝတ်လို့မရဘူးလို့ ပြောခဲ့လေရာ ကိုရင်စိတ်နာခဲ့ရပါတယ်။ ဒါဆိုလည်း ကိုရင်မဝတ်တော့ဘူး၊ ကျောင်းဆက်ပြီးတက်ဖြစ်အောင်လုပ်မယ်လို့ ရည်ရွယ်ခဲ့ပါတယ်။ ဒါနဲ့ ကျောင်းပြန်ဖွင့်တော့ (၄)တန်းကို ပြန်တက်ပြီး (၄)တန်းအောင်ခါနီးမှာ ကိုရင်ဝတ်ခဲ့ရတယ်။

ရဲလုပ်မယ်ဆိုတဲ့ ဆန္ဒကို စွန့်လွှတ်ခဲ့ရတယ်။ 

သဲအင်းဂူကျောင်းကို သွားရောက်လျှောက်ထားပုံ

         သဲအင်းဂူကျောင်းကို သွားလျောက်ထားပုံကတော့ ကိုရင်က သာသနာဘောင်ကို ဝင်လို့မရဘူးလို့ ပြောခံရပြီးနောက်ပိုင်းမှာ ရဲလုပ်ဖို့ အကြံအစည်ဖြစ်ခဲ့တယ်။ ရဲလုပ်မယ်လို့သာ ကြံစည်ခဲ့တယ် ဒါပေမဲ့ ကိုရင်ဝတ်ချင်တဲ့ စိတ်ကတော့ မပျောက်ခဲ့ပါဘူး။ ဒီလို့နဲ့ တန်ခူးလကျော်ကျော်လောက် သဲအင်းဂူမှာ ရေစက်ချပွဲ ပြုလုပ်ခဲ့တယ်။ အဲဒီနေ့မှာ သဲအင်းဂူ မုခ်ဦးမှာ ဥူးဆန္ဒနဲ့တွေ့ခဲ့ပြီး ကိုရင်ဝတ်ဖို့ လျှောက်ထားခဲ့ပါတယ်။ ဥူးဇင်းဆန္ဒက ဗီဒီယိုရိုက်ထားခဲ့ပြီး ၂ လကျော်ကျော်လောက် ကိုရင်ဝတ်ပေးဖို့ မေ့နေခဲ့ပါတယ်။ ၂ လကျော်မှာတော့ ဆရာတော်ဥူးဣန္ဒာစရိယ သဲအင်းဂူကို ကြွလာပါတယ်။ ဒါနဲ့ ဥူးဇင်းဆန္ဒရဲ့ ဖုန်းကိုကြည့်တော့ ကိုရင့်ရဲ့ ဗီဒီယိုဖိုင်ကို တွေ့ခဲ့ပြီး အဲဒီညနေမှာပဲ ဥူးဇင်းဣန္ဒာစရိယက ခေါ်ခဲ့ပါတယ်။ မေးမြန်းစရာတွေ အားလုံးမေးမြန်းပြီး နောက်နေ့မနက်မှာ ကိုရင်ဝတ်ပေးခဲ့ပါတယ်။ 

         ကိုရင်မဝတ်ခင် အကြံအစည်နှစ်ခု ရှိခဲ့ပါတယ်။ ပထမတစ်ခုကတော့ ကိုရင်ဝတ်ခဲ့သည်ရှိသော် ကုလား၊ ဟိန္ဒူတွေ သာသနာ့ဘောင် ဝင်လို့မရဘူးလို့ ပြောတဲ့သူတွေကို တရားဟောပြီး အမြင်မှန်လာအောင် တရားဟောပြဖို့ပဲ ဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့ ကိုရင်မဝတ်ရရင် ရဲ ဖြစ်အောင်လုပ်ပြီး အဲဒီလိုပြောတဲ့သူတွေကို ဆုံးမမယ်လို့ ကြံစည်ခဲ့ပါတယ်။ ဒါကတော့ ကိုရင်ဝတ်ဖို့ လျှောက်ထားပုံနဲ့ ကြံစည်ပုံဖြစ်ပါတယ်။ ကိုရင် သာသနာ့ပျိုးဥယျာဉ်မှာ ကိုရင်ဝတ်ဖို့ လူ့ဘဝမှာ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့တယ်။ ဒါတွေက လောကဓံတရားတွေပဲလို့ ၃၈ဖြာမင်္ဂလာတရားတော်တွေ သင်ယူပြီး သိရှိခဲ့ရပါတယ်။

         ကိုရင့်ကို လူ့ဘဝတုန်းက ဆက်ဆံတဲ့ပုံစံက တချို့လူတွေကြတော့ အသားမဲ၊ ကုလားလေး၊ ဟိန္ဒူလေးစသည်ဖြင့် တော်တော်များများပဲ ခေါ်ခဲ့ကြပါတယ်။ ဒီလိုခေါ်တာကို ကိုရင့်ရဲ့အမေက မနှစ်သက်ပါဘူး။ ကိုရင့်အမေက အဲဒီလိုနာမည်ပြောင်တွေနဲ့ ဆက်ဆံတာတွေရှိရင် ပြန်ပြီးမခေါ်နဲ့လို့ ပြောခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ကိုရင့်မှာ အကြံအစည်တွေရှိတော့ ကိုရင်မပြောခဲ့ပါဘူး။ ပြန်မပြောခဲ့သော်လည်း ဒီလိုခေါ်တာမျိုးတွေကို ကိုရင်ကိုယ်တိုင်လည်း မနှစ်သက်ခဲ့၊ စိတ်နာနာနဲ့ လူ့ဘဝကို ဖြတ်သန်းခဲ့ရတယ်။

            သာသနာ့ပျိုးဥယျာဉ်ကျောင်းသို့ ရောက်ပြီးနောက်ပိုင်းမှာတော့ ဒီလိုခေါ်တာမျိူး ကုလားတို့၊ ဟိန္ဒူတို့ခေါ်တာတွေ ပြောဆိုဆက်ဆံတာတွေ မရှိတော့လို့ ကိုရင်ဝမ်းသာခဲ့ပါတယ်။ ဘာဖြစ်လို့ အဲဒီလို မဆက်ဆံတာလဲဆိုရင် ဆရာသမားတွေက အဲဒီလို နာမည်ပြောင် ခေါ်တာတွေက စိတ်ဓာတ် အထက်တန်းကျတဲ့သူတွေ မဟုတ်ဘူးလို့ ဩဝါဒပေးခဲ့ပါတယ်။ ကိုရင်ကိုယ်တိုင်လည်း ဗဟုသုတစာအုပ်တွေ ဖတ်ပြီးသိရှိခဲ့ရပါတယ်။ အဲဒီလိုပြောပြီး ဆက်ဆံရင် သူတစ်ဖက်သား အားငယ်သွားတတ်တယ်ဆိုတာတွေလဲ သိရှိခဲ့ရပါတယ်။ ဒါကိုရင်ရဲ့ လူ့ဘဝဆက်ဆံပုံနဲ့ ကိုရင်ဘဝ သာသနာ့ပျိုးဥယျာဉ်ရောက်ပြီး ဆက်ဆံပုံဟာ တော်တော်ကြီး ကွာခြားခဲ့ပါတယ်။

         သာသနာတော်ဟာ လူမျိုးဘာသာမရွေး ဝင်ရောက်နိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ တချို့လူတွေက သာသနာတော်ဟာ ကုလား၊ ဟိန္ဒူ၊ မူဆလင် စတဲ့လူမျိုးတွေ ဝင်ရောက်လို့မရဘူးလို့ ပြောခဲ့ပါတယ်။ အဲဒီလို ပြောတဲ့လူတွေက အသိဉာဏ် အထက်တန်းကျတဲ့သူတွေ မဟုတ်ပါဘူး။ အောက်တန်းကျတဲ့ လူတွေဖြစ်ပါတယ်။

            အပြင်မှာကြားခဲ့ရပုံက ကုလား၊ဟိန္ဒူအစရှိတဲ့ လူမျိုးတွေက သာသနာ့ဘောင်ဝင်လို့ မရဘူးလို့ကြားခဲ့ရပါတယ်။ကိုရင် သာသနာ့ဘောင်ကို ရောက်တော့ ဆရာတော်တွေရဲ့ ဩဝါဒတွေထဲမှာရော၊ မြတ်စွာဘုရားဟောကြားထားတဲ့ ဇာတ်တော်တွေထဲမှာရော ပါဠိတော်တွေထဲမှာ‌ရော ကုလားတွေ၊ ဟိန္ဒူတွေ သာသနာ့ဘောင်သို့ဝင်လို့မရဘူးလို့ ဟောထားတာ ပြောထားတာတွေကို မတွေ့ရှိခဲ့ပါဘူး။ သာသနာဟာ လူမျိုးဘာသာမရွေး ဝင်ရောက်နိုင်တဲ့နေရာ တစ်နေရာဖြစ်တယ်လို့ သိခဲ့ရပါတယ်။ ဘုရားရှင်ပွင့်တာ အိန္ဒိယနိုင်ငံမှာပွင့်တာ။ အဲ့ဒါကို ကုလား၊ ဟိန္ဒူတွေ သာသနာ့ဘောင် ဝင်လို့မရဘူးလို့ ပြောတာဟာ အောက်တန်းကျပြီး အသိဉာဏ်မရှိ အယူသီးတဲ့လူတွေလို့ ယူဆခဲ့ပါတယ်။ ဒါကတော့ ကိုရင်လူ့ဘဝက ကြားခဲ့ရတာနဲ့ သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက်မှာ သိခဲ့ရတဲ့ အတွေ့အကြုံတွေပဲဖြစ်ပါတယ်။

လူ့ဘောင်နဲ့သာသနာ့ဘောင် ကွာခြားချက်

         လူ့ဘဝနဲ့ ကိုရင်ဘဝ ကွာခြားတာကတော့ လူ့ဘဝမှာ မိဘကို လုပ်ကျွေးလို့ရပေမဲ့ ကျေးဇူးမကျေဘူး။ ပြီးတော့လဲ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ စီးပွားရေးတွေ လုပ်ကိုင်ရှာဖွေရတယ်။ သာသနာမှာနေရင် တရားဟောပြီး မိဘတွေရဲ့ ကျေးဇူးကိုကျေအောင် ဆပ်လို့ရတယ်။ ပြီးတော့ တရားကျင့်ရတဲ့အတွက် လောဘ၊ ဒေါသ၊ မောဟ နည်းတယ်။ စီးပွားရှာစရာ မလိုဘူး။ ဒီလိုကွာခြားပါတယ်။ ကိုရင်က သာသနာ့ဘောင်မှာ မပျော်ခဲ့ပါဘူး။

ဒါပေမဲ့ သာသနာက ပျော်တဲ့အရာမဟုတ်ဘူး။ သာသနာတော်ကြီး ပျက်စီးနေတာကို ပြန်လည်ပြီး စည်ပင်ထွန်းကားလာအောင် ပြုပြင်ရမယ်ဆိုတဲ့ ဆရာသမားကောင်းတွေရဲ့ ဩဝါဒပေးဆုံးမမှုကြောင့် သာသနာမှာ မပျော်လည်း ပျော်အောင်နေမယ်ဆို ပြီး စာကြိုးစားခဲ့ပါတယ်။ အခုတော့ သာမဏေကျော် အခြေခံတန်း (၃) သို့ တက်ရောက်နေပါတယ်။

ရည်ရွယ်ချက်

         ကိုရင့်ရဲ့ ရည်ရွယ်ချက်ကတော့ နောင်အခါမှာ ဓမ္မကထိကဖြစ်ပြီး သာသနာဆိတ်သုဉ်းနေတဲ့ နေရာမှာ သာသနာထွန်းကားလာအောင် ဆောင်ရွက်ဖို့ ၊ ပျက်စီးနေတဲ့ သာသနာတော်ကြီး ပြန်လည် တည်တံ့အောင်၊ ကိုရင်လူ့ဘဝက ကျေးဇူးရှင် မိဘနှစ်ပါး၊ စာသင်ပေးခဲ့ကြတဲ့ဆရာ၊ ဆရာမများကို ကျေးဇူးကျေအောင်ဆပ်ဖို့နှင့် သာသနာ့ဘောင်မှာ ကျေးဇူးများခဲ့ကြတဲ့ ဆရာသမားအားလုံးကို ကျေးဇူးဆပ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကကိုရင့်ရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။

(သာမဏေလေးများ၏ ကိုယ်တိုင်ကိုယ်ကျ  ရေးသားထားသော စာစီစာကုံးကို ပြင်ဆင်ဖြည့်စွက်ထားခြင်း မရှိဘဲ စာလုံးပေါင်းအမှားများကို ပြင်ဆင်ပေးထားသည်မှလွဲ၍ မူရင်းအတိုင်းတင်ပေးထားပါသည်။ ကလေးအတွေး၊ ကလေးစိတ်ကူးဖြစ်သဖြင့် စာအထားအသိုနှင့် လိုအပ်ချက်များ ရှိနေပါက နားလည်ခွင့်လွှတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။) 


သာမဏေဘွဲ့
ရှင်သီဟဉာဏ

ဖောင် အမှတ်
F00151

အသက်
13 years, 10 months

ဥပဇ္စျာယ် ဆရာတော်
ဘဒ္ဒန္တစန္ဒိမာ (အောင်လံဆရာတော်)

ရဟန်းပြုသည့်နေ့

တိုင်းဒေသကြီး
မကွေးတိုင်း

မြို့နယ်
အောင်လံ